မိုင်းပျဉ်း နိုဝင်ဘာ ၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ တုံတာတိုက်နယ်ဆေးရုံ နှင့် Positive Centre (၇)ခု၌ တက်ရောက်ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကျန်းမာရေးကောင်းမွန်သဖြင့် နေရပ်သို့ပြန်ခွင့်ရသူများပြားလာသဖြင့် ယခုအခါ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ(၁၂)ဉီးသာကျန်ရှိတော့ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။

 

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၇၃၅)ဉီး  စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် နေရပ်သို့ပြန်ခွင့်ရသူ(၇၁၈)ဉီးအထိရှိလာ ပြီဖြစ်ရာ ယခုအခါ ဆေးကုသမှုခံယူနေသူ(၁၂)ဉီးသာကျန်ရှိတော့ပြီး အဆိုပါ လူနာများမှာလည်း ကျန်းမာ ရေးကောင်းမွန်လျက်ရှိကြောင်းနှင့် သေဆုံးလူနာ(၅)ဉီးရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဉီးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံနိုင်ရေး အသံချဲ့စက်များဖြင့် အသိပေးလှည့်လည်နှိုးဆော်ပေးခြင်း၊ မြို့ပေါ်ရပ် ကွက်များတွင်သာမက ကျေးရွာများအရောက် ဆေးထိုးနှံရေးအဖွဲ့များဖွဲ့စည်းကာ လိုက်လံထိုးနှံပေးခြင်း၊ ဈေးရောင်း၊ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိသိရှိနိုင်ရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များနှင့် ဈေးများတွင် RDT Test Kit ဖြင့် လိုက်လံစစ်ဆေးပေးခြင်း၊ မြို့အဝင် ကိုဗစ်-၁၉ ကျန်းမာရေး ဂိတ်ဖွင့်လှစ်ကာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသွားပြည်သူများသာမက ကိုဗစ်-၁၉ ရောဂါသံ သယရှိသဖြင့် လာရောက်စစ်ဆေးသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိသိရှိနိုင်ရန် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ ပိတ်ရက်မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)