မိုင်းရှာဖွေရှင်းလင်းခြင်း သင်တန်းပို့ချစဉ် လေ့ကျင့်ရေးမိုင်းအစား မိုင်းအစစ် မှားယွင်းအသုံးပြုမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ၁၁ ဦး ဒဏ်ရာရရှိ

မန္တလေး ၂၁ မေ


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မိုင်းအမျိုးအစား အမျိုးမျိုးနှင့် မိုင်းရှာဖွေရှင်းလင်းခြင်း(ဆင့်ပွား) သင်တန်းတွင်  လေ့ကျင့်ရေးမိုင်းအစား မိုင်းအစစ် မှားယွင်း အသုံးပြုမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 


ယနေ့ နံနက် ၉ နာရီကျော် အချိန်ခန့်က မိုင်းထောင်ခြင်းနှင့် မိုင်းဖော်ခြင်း သင်ခန်းစာ လက်တွေ့ သရုပ်ပြသင်ကြားနေစဉ် လေ့ကျင့်ရေး မိုင်း (ပလပ်စတစ်နင်းမိုင်းအသေး M-14) အစား မိုင်းအစစ်ဖြင့် မှားယွင်းအသုံးပြုမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


မိုင်ထောင်ခြင်းနှင့် မိုင်းဖော်ခြင်းသင်ခန်းစာ(ပလပ်စတစ်မိုင်း)ကို လက်တွေ့သရုပ်ပြ သင်ကြားနေစဉ် သင်တန်းသားတစ်ဦးက မိုင်းပေါ်သို့ တက်နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သင်တန်းဆရာ အပါအဝင် (၁၁)ဦးသည် ခြေဖမိုး၊ ပေါင်၊ မျက်နှာ၊ လက်၊ လည်ပင်း စသည့်နေရာများတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 


ဒဏ်ရာရရှိသူများကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိကြောင်း သိရသည်။


"ဆေးရုံကိုတော့ ဒဏ်ရာရတဲ့သူတွေ ရောက်လာပါတယ်။ ဒဏ်ရာက မပြင်းထန်ပါဘူး'' ဟု မန္တလေးအထွေထွေ ရောဂါကုဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အိမို့မို့ခိုင်