မိုင်းရှူး ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိုင်းရှူးမြို့၊ အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၃ ရက် နံနက်က အမကကျောင်းဝင်း၌ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲမစတင်မီ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်ငွေနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မန်ဆန်းလွန်တို့က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ပြိုင်ပွဲကျင်းပရခြင်း အကြောင်း ပြောကြားပြီး မူလတန်း ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူပေါင်းမှုတ်ပြိုင်ပွဲ၊ အရောင်ရွေးချယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ဆုငွေနှင့် အမှတ်တရပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
