မိုင်းရှူး မတ်လ  ၁၄ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်း  အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (နဝမ) အကြိမ်  ထုတ်ချေးခြင်းကို မတ် ၁၄ ရက်က  လွိုင်နိူင်းကျေးရွာအုပ်စု၊ လွိုင်နိူင်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မိုင်းရှူးမြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းဦး က လွိုင်နိူင်းကျေးရွာ နှင့် ပြေဦး ကျေးရွာတို့ရှိ မြစိမ်းရောင်အသင်းသူ၊ အသင်းသားများနှင့် တွေ့ဆုံကာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး  က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်(၅၁၁)သိန်း ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လွိုင်နိူင်းကျေးရွာ နှင့် ပြေဦး ကျေးရွာတို့ရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ  စုစုပေါင်း အသင်းသူ၊ အသင်းသား (၄၈)ဦးကို  အလုပ်အကိုင်အခွင့်အလမ်း နှင့် တစ်နိုင်တပိုင်စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၅၁၁)သိန်းအား အသင်းသူ၊ အသင်းသားများ၏ တစ်ဦးချင်း လက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာဖြင့် နဝမအကြိမ် မြောက်ထုတ်ချေးပေးခဲ့ကြောင်း မိုင်းရှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဦးထံမှ သိရသည်။

ချိုသန်းညွန့် (ကျေးလက်)