မိုင်းရှူး ၂၂ မတ်
မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံတွင် Covid-19 ရောဂါနှင်ပတ်သက်၍ စောင့်ကြည့်လူ(၆)ဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၀)လသားအရွယ် ယောက်ျားလေးတစ်ဦးနှင့် (၅)လအရွယ် မိန်းကလေးတစ်ဦး စုစုပေါင်း (၆)ဦးသည် ၎င်းတို့နေထိုင်သည့် ဟိုက်ပါကျေးရွာသို့ မတ်၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြပြီး ဟိုက်ပါကျေးရွာနေ ပြည်သူများက အဆိုပါ(၆)ဦးသည် Covid-19 ရောဂါ ကူးစက်လာသူများ ဖြစ်နိုင်သဖြင့် ရွာပြင်၌သာ နေထိုင်ကြရန် တိုက်တွန်းခဲ့ကြကြောင်း၊ အဆိုပါဖြစ်စဉ်ကို အုပ်ချုပ်ရေးပိုင်းက သိရှိခဲ့ရာမှ မိုင်းရှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ညတွင်းချင်း သွားရောက်ခေါ်ဆောင်ကာ မိုင်းရှူးပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူအဖြစ် သီးသန့်ထားရှိပြီး ကျန်းမာရေးအခြေအနေများ စစ်ဆေးရာ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ အသက်ရှူခက်ခဲခြင်း စသည့်လက္ခဏာများ မတွေ့ရှိရကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးအခြေအနေများ ကောင်းမွန်လျက်ရှိကြောင်းနှင့် သတ်မှတ်ရက်ကာလအထိ ကျန်းမာရေးအခြေအနေများ ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)