မိုင်းရယ် ၁၂ ဒီဇင်ဘာ
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြည်ထောင်စုလမ်းမကြီး မိုင်းရယ် - လားရှိုးကားလမ်းပေါ် မိုင်တိုင်အမှတ် (၃၆/၆)နှင့် (၃၆/၇) အကြား၊ နမ္မတုံးကျေးရွာအနီးရှိ တံတားတစ်စင်း ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တံတားပေါ်တွင် Hijet အမျိုးအစား ယာဉ်တစ်စီးမောင်းနှင်လာစဉ် တံတား၏ အနောက်ဖက်တစ်ခြမ်း ကျိုးပဲ့ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တံတားသည် အရှည်ပေ(၆၀)၊ အကျယ်(၁၈)ရှိပြီး တံတားခံနိုင်ဝန်မှာ တန်(၄၀)ဖြစ်ကြောင်းသိ ရသည်။ တံတားပြိုကျပျက်စီးသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၆)နှင့် ဌာနဆိုင်ရာများ သွားရောက်စစ်ဆေးခဲ့ပြီး တံတားပြိုကျပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ယာယီလမ်းလွှဲ (၂)ဖာလုံကျော်ခန့်အား လမ်းအထူးအဖွဲ့(၆)မှ ယနေ့အပြီး ဖောက်လုပ်နေကြောင်း သိရသည်။
ပျက်စီးသွားသည့် တံတားပေါ်တွင် ဘေလီသံဘောင်တံတားအား (၃)ရက်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မာလာ (မိုင်းရယ် ပြန်/ဆက်)