မိုင်းရယ် ဇွန် ၂၈
လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ဟိတဓရလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့ မြို့မဈေးကြီးအတွင်းရှိ ဆိုင်ခန်းများ၊ ဈေးလျှောက် လမ်းများကို စနစ်တကျပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုး မင်းအောင်နှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပိုးသတ်ဆေးဖျန်းသည့် အဖွဲ့သည် မြို့လယ်ဘုရားပတ်လမ်း၊ မြို့တွင်း ရပ်ကွက်များရှိ ဈေးဆိုင်များကို ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ (Positive)လူနာ စတင်တွေ့ရှိပြီးနောက် လူတိုင်း mask တပ်ဆင်ရေး လှုပ်ရှားမှုများ၊ Quarantine Center ထားရှိခြင်းနှင့် မြို့တွင်း ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေး ဂိတ်ထား ရှိ၍ မြို့အဝင်အထွက်စစ်ဆေးခြင်းတို့ကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဦးစီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းရယ် ပြန်/ဆက်


