မိုင်းရယ်မြို့နယ်အတွင်း လမ်းအပိုင်းများနှင့် တံတားလုပ်ငန်းများကို နှစ်အလိုက်ပြီးစီးရန် လျာထားချက်နှင့် အစီအစဉ်များနှင့်စပ်လျဉ်းပြီးမေးမြန်း 

၁၆ ဩဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ဦးစိုင်းသီဟကျော်၊ မိုင်းရယ် မဲဆန္ဒနယ်၏ မိုင်းရယ်မြို့နယ်အတွင်း လမ်းအပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာဌာနမှ နှစ်အလိုက်ပြီးစီးရန် လျာထားချက်နှင့် အစီအစဉ်များ မည်ကဲ့သို့ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က မေးမြန်းချက်တွင် လမ်းပိုင်းခြောက်ခုပါဝင်နေပြီး ပထမလမ်းပိုင်းဖြစ်သည့် နမ့်လန်း-ဟိုတိ-မန်ကျောင်းပန်ရှင်လမ်းသည် ၆ မိုင်ရှည်လျားပြီး လက်ရှိတွင် ၁၂ ပေအကျယ် ကိုယ်ထူကိုယ်ထမြေလမ်း ဖောက်လုပ်ထားပါကြောင်း၊ ဒုတိယလမ်းပိုင်းဖြစ်သည့် လွယ်ငင်း-မန်ကျောင်းပန်ရှင်လမ်းပိုင်းသည် ၈ မိုင်ရှည်လျားပြီး ၎င်းလမ်းပိုင်းကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ်အပိုင်းလိုက် ကျောက်ခင်းခြင်း ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် ၂၀၁၈-၁၉ ဒုတိယ ၁၂ လကာလအထိ ကျောက်ခင်းခြင်း ၇ မိုင်နှင့် Box Culvert ၁၃ စင်း၊ ရေပြွန် နှစ်စင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး ကျောက်လမ်း ၁ မိုင်ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားရန် ရန်ပုံငွေလျာထားပြီး ဖြစ်ပါကြောင်း။

တတိယလမ်းပိုင်းဖြစ်သည့် မိုင်းရယ် မြို့နယ်၊ ဟိုယ-ဟိုတုံး-ပိန်းကွေ့လမ်းသည် ၁၀ မိုင် ရှည်လျားပြီး လက်ရှိတွင် ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသည့် ၉ ပေအကျယ်မြေသား လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လမ်းအူ ကြောင်းဝဲ/ယာတွင်ရှိသည့် မြေယာကိစ္စများကို အရှုပ်အရှင်းကင်းဝေးစေရန် အသေးစိတ် မြေပြင်ကွင်းဆင်း စိစစ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း။

စတုတ္ထလမ်းပိုင်းဖြစ်သည့် နားယ-နားစောက်-ပိန်းကွေ့လမ်းသည် အရှည် ၁၀ မိုင်ခန့် ရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နားယ-နားစောက်နှင့် ပုံဟကျေးရွာအထိ ၈ မိုင်အား ၁၂ ပေအကျယ်ကျောက်လမ်းဆောင်ရွက်ထားပြီး ကျန်ရှိသည့် ပုံဟ ကျေးရွာမှ ပိန်းကွေ့ကျေးရွာအထိ ကိုယ်ထူကိုယ်ထမြေလမ်း ၂ မိုင်ကို ကျောက်ချောလမ်းအဖြစ် ဦးစွာ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

ပဉ္စမလမ်းပိုင်းဖြစ်သည့် မိုင်းရယ်မြို့နယ်၊ မန်စန့်-ဟိုခို-နမ့်ဆွမ်လမ်းသည် မန်စန့် ကျေးရွာအုပ်စု မိုင်းရယ်-သီပေါလမ်းမကြီး မန်စန့်ကျေးရွာမှ နမ့်ဆွမ်ကျေးရွာအထိ ၅ မိုင် ၁၄ ပေ အကျယ်ခန့် ကိုယ်ထူကိုယ်ထ မြေလမ်းဖောက်လုပ်ထားပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ် တွင် ကျေးရွာဖွံ့/ထောက်ရန်ပုံငွေဖြင့် မန်စန့်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာအတွင်း ကျောက်ချောလမ်း ၂၀ဝ၀ ပေ ဆောင်ရွက်ထားပါကြောင်း၊ ၎င်းလမ်းပိုင်းအား ကျောက်ချောလမ်း ဆောင်ရွက် နိုင်ရန်အတွက် လမ်းအူကြောင်းတွင် မြေယာကိစ္စများ အရှုပ်အရှင်းကင်းစေရန် အသေးစိတ် မြေပြင်ကွင်းဆင်း စိစစ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆဋ္ဌမ လမ်းပိုင်း ဖြစ်သည့် မိုင်းရယ်မြို့နယ်၊ မန်စန့်-နမ့်ကတ်လမ်းပိုင်းသည် မန်စန့်ကျေးရွာအုပ်စု၊ နောင်ကန်းရွာ မှ ကောင်းကျဲရွာအထိ ၁ မိုင်လမ်းကြောင်းအတွက်တောင်းခံခြင်းဖြစ်ပြီး ၁၂ ပေအကျယ် ကိုယ်ထူကိုယ်ထမြေလမ်းဖောက်လုပ်ထားပါကြောင်း၊ ၎င်းလမ်းပေါ်တွင် ၄၅ ပေ သစ်သား တံတားတစ်စင်းနှင့် ၂၅ ပေ သစ်သားတံတားတစ်စင်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားပါ ကြောင်း၊ ၎င်းကိစ္စကို အသေးစိတ် ကွင်းဆင်းလေ့လာညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်းနှင့် အဓိကအားဖြင့် မြေယာကိစ္စများသာဖြစ်ပါကြောင်း။

ထို့ကြောင့် လမ်းပိုင်းခြောက်ခုကိုအဆင့်မြှင့်တင်ပေးရေးနှင့်စပ်လျဉ်း၍ လမ်းပိုင်း ခြောက်ခုနှင့် လမ်းပိုင်းလေးခုအား ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသည့် မြေသားလမ်းကျဉ်းများဖြစ်ပါသဖြင့် သတ်မှတ်လမ်းအကျယ်ရရှိရေးအတွက် မြို့နယ်/ခရိုင် ဒေသကော်မတီတို့ဖြင့် မြေယာပြီးပြတ်အောင် ကွင်းဆင်းလေ့လာ စိစစ်ညှိနှိုင်းဆောင်ရွက်ပြီး ရှမ်းပြည်နယ် အစိုးရ အဖွဲ့သို့ တင်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသ၏ တင်ပြချက်အပေါ်လေ့လာစိစစ်ပြီး လိုအပ်သလိုရန်ပုံငွေဆက်လက်တင်ပြလာမည်ဆိုပါက ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်မှစတင်ပြီး လုပ်ငန်းဦးစားပေး အစီအစဉ်ဖြင့် အပိုင်းလိုက် လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

လမ်းများပျက်စီးနေသောကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့မေးမြန်းသော်လည်း ၎င်းတို့လမ်းမဟုတ်ဘဲ န.တ.လ ၏ လမ်းဖြစ်ကြောင်း၊ ကျေးလက်လမ်းဦးစီးဌာနသို့ ပြောပြန် သော်လည်း ၎င်းတို့လုပ်ပိုင်ခွင့်ရှိသည့်လမ်းမဟုတ်ဘဲ န.တ.လ၏ လမ်းဖြစ်ကြောင်း ပြောသည့် အတွက် ဝန်ကြီးဌာနများအနေဖြင့် မည်သို့ ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်း မေးမြန်းရာ မိမိတို့နှင့် ပ.ဆ.င သည် ကျေးလက်ဦးစီးဌာနအနေဖြင့် လမ်းများ အပိုင်းလိုက်ခွဲထားပါကြောင်း၊ မိမိတို့ တစ်မြို့နယ်ထဲတွင် ကျေးလက်ဦးစီးဌာနအပိုင်း၊ နယ်စပ်ရေးရာဦးစီးဌာနဆိုသည့်အပိုင်းရှိပါကြောင်း၊ မိမိတို့တွင် ယခင်က ပြင်ထိန်းစရိတ် မရှိပါကြောင်းနှင့် တင်ပြလို့လဲမရပါကြောင်း၊ ယခုနှစ်တွင် ပြင်ထိန်း စရိတ်တင်တောင်းရာတွင် ရရှိသောကြောင့် ယခုနှစ်မှစပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး ဆောင်ရွက်လိုသည့် ပြင်ထိန်း နေရာများကို တင်ပြပေးမည်ဆိုပါက ဆက်ပြီးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

MDN
Credit. ပြည်သူ့လွှတ်တော်