မိုင်းရယ် နိုဝင်ဘာ ၂၄

 

ရှမ်းပြည်နယ်(​မြောက်ပိုင်း) လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာများ ပေါ်ထွန်းလာစေရန်အတွက် စံပြ ကျေးရွာရွေးချယ်နိုင်ရေး စစ်တမ်းကောက်ယူခြင်းကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက နားဖျိုင်း၊ နားဝနှင့် နောင်လုံ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ စစ်တမ်းကောက်ယူရာတွင် မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးအုန်းမြင့်နှင့် တာဝန်ခံဝန်ထမ်းများက အဆိုပါ ကျေးရွာသူ၊ ကျေးရွာသားနှင့်တွေ့ဆုံကာ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စံပြကျေးရွာရွေးချယ်နိုင်ရေး ဆန်းစစ်အမှတ်ပေးစာရင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးအုန်းမြင့်နှင့် တာဝန်ခံဝန်ထမ်းများက ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ထားရှိမှု၊ ကောင်းမွန်သည့် စိုက်ပျိုးမွေးမြူရေး အလေ့အကျင့်ကောင်းများ ကျင့်သုံးထားရှိမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ထားရှိမှု၊ စသည့်အခြေအနေများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိမရှိ မြေပြင်လှည့်လည်ကြည့်ရှု၍ ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။

 

အဆိုပါကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ မြို့နယ်အဆင့် စံပြကျေးရွာတစ်ရွာ ရွေးချယ်သွားမည်ဖြစ်ကြောင်း မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးအုန်းမြင့်က ​ပြောပြ၍ သိရသည်။



မင်းမြင့်မိုရ်(ကျေးလက်)