မိုင်းရယ် စက်တင်ဘာ ၂၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် မိုင်းရယ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအုန်းမောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အရေးနှင့် မိသားစုဝင်ငွေတိုးစေရေး ယခုသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို လက်တွေ့နယ်ပယ်တွင် ပြန်လည်နိုင်ရေး ဆွေးနွေးမှာကြားသည်။

 

ဆက်လက်ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြောင်း၊ အဆိုပါသင်တန်းသို့ သင်တန်းသားစုစုပေါင်းဦးရေ ၂၀ တက်ရောက်ကြပြီး သင်တန်းချိန်ကို အခုလ ၁ ရက်မှ ၂၁ ရက်ထိ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)