မိုင်းရယ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုမှာ စက်တင်ဘာ ၁၁ ရက်တွင် ၄ ဦး၊ စက်တင်ဘာ ၁၂ တွင် ၁ ဦး ရှိကြောင်း မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပြီး ယနေ့တွင် ပိုးတွေ့လူနာထပ်တိုးမရှိကြောင်းလည်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် ဩဂုတ်လ ဒုတိယအပတ်မှစ၍ ပိုးတွေ့ရှိမှုနှုန်း လျော့ကျလာခဲ့သော်လည်း ဩဂုတ်လ တတိယအပတ်မှစ၍ ပိုးတွေ့ရှိမှုနှုန်းပြန်လည်မြှင့်တက်လာခဲ့သည်။ ဩဂုတ်လ ၂၇ ရက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု၊ ပန်ညောင်ကျေးရွာ ပညာဒီပရက္ခိတ ပရဟိတ ဘုန်းတော်ကြီး ကျောင်းမှ သံဃာတော်များနှင့် မိုင်းရယ်မြို့မဈေးကြီးပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဈေးသည်များအား စက်တင်ဘာ ၆ ရက်တွင် စစ်ဆေးရာမှ ဈေးသည် ၁၀ ဦးတို့တွင် ပိုးတွေ့ရှိခဲ့ခြင်းကြောင့် မြို့နယ်အနေဖြင့် ပိုးတွေ့နှုန်းပြန်လည်မြှင့်တက်လာခဲ့ကြောင်း မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာ န၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခုအခါ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၉၅ ဦး၊ ဆေးရုံမှ ဆင်းခွင့် ရသူ ၁၆၇ ဦး၊ သေဆုံးလူနာ ၃ ဦးနှင့် ဆေးရုံ၊ မိခင်နှင့် ကလေးဆေးခန်းနှင့် မူကြိုကျောင်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသူ စုစုပေါင်း ၂၅ ဦး ရှိကြောင်း သိရှိရသည်။
မိုင်းရယ် ပြန်/ဆက်


