မိုင်းရယ်  ၈ သြဂုတ် 

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ကြေညာထားရှိရာတွင် ပြည်သူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် မဲဆန္ဒရှင်များ၏ မေးလေ့မေးထရှိသည့် မေးခွန်းများပါဝင်သည့် ပိုစတာများကို ယနေ့နံနက်(၇)နာရီက မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၊ လူစည်ကားရာ စားသောက်ဆိုင်များ၊ စျေးများရှိ ပြည်သူများလက်ဝယ်သို့ လိုက်လံဖြန့်ဝေပေးခဲ့ပါသည်။

 

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများတွင် သင့်အမည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပါသလား၊ ပြည်သူများသိရှိလိုသည့် လိုအပ်သည့် အမည်စာရင်းတင်သွင်းခြင်း၊ ကန့်ကွက်ခြင်း၊ အချက်အလက် ပြင်ဆင်ခြင်းများအတွက် အဆင့်ဆင့် ဆောင်ရွက်နိုင်ရန် အမေးအဖြေများကို ဖော်ပြပါရှိပါသည်။ မိုင်းရယ်မြို့နယ်အတွင်း ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၅)အုပ်စု၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ကပ်ထားကြေငြာထားရှိမှုတွင် ပေးနိုင်သည့် မဲဆန္ဒရှင်(၄၇၅၁၄)ဦး၊ မဲရုံ(၄၅)ရုံ ရှိကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်