မိုင်းတုံ   စက်တင်ဘာ   ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုး၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၊ ရပ်ကျေးစာရေး၊ ကြက်ခြေနီအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့ပေါ်နှင့်ကျေးရွာများသို့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက နှာခေါင်းစည်းများ နေအိမ်အရောက် ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ဒေသခံပြည်သူများအနေနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တတ်စေရန်နှင့် လုပ်ငန်းဆောင်ရွက်သည့်နေရာတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အထရှိစေရန်၊ နေအိမ်အပြင်သို့ မဖြစ်မနေသွားလာရပါက နှာခေါင်းစည်း Maskများ တပ်ဆင်သွားလာစေရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ မိမိတို့ အိမ်သားများဖြင့် ချက်ချင်းမထိတွေ့မိစေရေး အထူးဂရုပြုရန်၊ မိမိတို့ကိုယ်တိုင် ကျန်းမာရေးအသိ၊ သတိဖြင့် နေထိုင်တတ်ခြင်းသည်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးပြီး နှာခေါင်းစည်း( Mask )ကို တစ်အိမ်တစ်ဘူးဖြင့် ဖြန့်ဝေခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့ပေါ်(၃)ရပ်ကွက်နှင့် ဖာချယ်၊ ဟောင်လီ၊ ပန်ကျိုင်း၊ မဲကင်၊ မောက်စလီ ကျေးရွာများသို့ အဖွဲ့(၃)ဖွဲ့ ခွဲပြီး ဆောင်ရွက်ရာ နှာခေါင်းစည်း( Mask ) စုစုပေါင်းဘူးရေ (၁၅၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းတုံ (ပြန်/ဆက်)