မိုင်းတုံ    ၁၁  မေ  

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့၌ COVID-19 ကာလအတွင်း တစ်နိုင်တစ်ပိုင် Home Gardern စိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့ထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက (၁၆)မိုင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအုန်းကျော်မြင့်က သီးနှံမျိုးစေ့နှင့် မျိုးစပါးပေးအပ်ရသည့် ရည်ရွယ်ချက်နှင့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားပြီး (၁၃)မိုင်ကျေးရွာရှိ အိမ်ခြေ(၃၅)အိမ်နှင့် (၁၆)မိုင် ကျေးရွာရှိ အိမ်ခြေ(၂၇)အိမ်သို့  သခွား၊ မုံညင်း၊ မုံညင်းထုပ်၊ ငရုပ်ပွ၊ ဖရုံ စသည့် သီးနှံမျိုးစေ့(၁၂)မျိုး အထုပ်ပေါင်း (၇၄၄)ထုပ်ကို  အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ထို့နောက် တောင်သူများက စပါးရိတ်သိမ်းပြီးမှ မျိုးစပါးပြန်လည်ပေးအပ်သည့်စနစ်ဖြင့် ဆင်းဧကရီ(၃) မျိုးစပါးများကို ထောက်ပံ့ပေးအပ်ရာ (၁၃)မိုင်ကျေးရွာရှိ တောင်သူ(၁၅)ဦးအား (၁၅)တင်း၊ (၁၆)မိုင်ကျေးရွာရှိ တောင်သူ(၂၃)ဦးအား တင်း (၂၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းဝင်းခိုင်