မိုင်းတုံ ဇန်နဝါရီ ၂၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင် ကွပ်ကဲမှုအောက်ရှိ မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် (၁၅)သန်းစီဖြင့် မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၄)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွင်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ခရိုင်ဦးစီးဌာနမှ သိရသည်။

 

မိုင်းတုံမြို့နယ်ရှိ ကျေးရွာ (၁၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ် (၂၁၀)သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် (၅၉ ဒသမ ၀၃၄၀)သန်း စုစုပေါင်းရန်ပုံငွေကျပ် (၂၆၉ ဒသမ ၀၃၄၀)သန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၃ ခု၊ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း (၉)ခု၊ ကျေးလက်ရေရရှိရေးအတွက် စိမ့်စမ်းရေးသွယ်ယူခြင်းလုပ်ငန်း (၂)ခုနှင့် ဆိုလာရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်း (၁)ခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်းခွဲပေါင်း (၁၅)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းတုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး‌ကျော့‌ကျော့ခိုင်က ပြောသည်။

 

မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထိ ကျေးရွာစုစုပေါင်း ၈၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထု၏ သဘောဆန္ဒဖြင့် ရွေးချယ်၍ ခရိုင်/မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မောင်ခိုင်