မိုင်းယောင်း-တာချီလိတ်သို့ တိုက်ရိုက်မော်တော်ယာဉ်များ ပြေးဆွဲပေးလျက်ရှိသဖြင့် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေလျက်ရှိ

မိုင်းယောင်း ၉ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်သည် တောတောင်ထူထပ်ပြီး ကုန်းတွင်းပိတ် မြို့တစ်မြို့ဖြစ်သည့်အတွက် ယခင်က မိုင်းယောင်းမြို့မှ တာချီလိတ်မြို့သို့ ခရီးသွားလာရာတွင် ကုန်းကြောင်း ခရီးတစ်ခုတည်းကိုသာ အားထားသွားလာကြရသဖြင့် မိုင်းယောင်းမြို့မှ တာချီလိတ်မြို့သို့ ခရီးသွားလာကြရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရသည်။ 

 

ယခုအခါ မိုင်းယောင်း-မိုင်းဖြတ် ကတ္တရာလမ်းသစ် ဖောက်လုပ်ပြီးစီးသွားသည့်အတွက် ကျိုင်းတုံ-တာချီလိတ် အဝေးပြေးကားလမ်းမအတိုင်း မိုင်းဖြတ်လမ်းဆုံမှ တာချီလိတ်မြို့သို့ လေးနာရီကျော်ခရီးဖြင့် မောင်းနှင်နိုင်တော့မည်ဖြစ်သည်။

 

မိုင်းယောင်းမြို့မှ တာချီလိတ်မြို့သို့ လိုက်ပါလိုကြသော ခရီးသွားပြည်သူများအနေဖြင့် ခရီးသည်များလျှင် တစ်နေ့မော်တော်ယာဉ်ခြောက်စီးဖြင့်လည်းကောင်း၊ ခရီးသည်နည်းလျှင် တစ်နေ့ မော်တော်ယာဉ် သုံးစီးဖြင့် လည်းကောင်း ပုံမှန်ပြေးဆွဲပေးလျက် ရှိသည်။

 

“ကျွန်မက တာချီလိတ်မြို့မှာ နေပါတယ်။ ဖေဖော်ဝါရီ ၉ ရက် နံနက် ၇ နာရီခွဲ ရွှေမိုင်းယောင်း မော်တော်ကားနဲ့ လိုက်မှာပါ။ မိုင်းယောင်း-မိုင်းဖြတ်လမ်းက သိပ်ကောင်းတဲ့အတွက် တာချီလိတ်ကို လေးနာရီကျော်ခရီးနဲ့ အရောက်သွားနိုင်မှာပါ။ ခရီးသွားရတာ သက်သောင့်သက်သာ အဆင်ပြေပြေနဲ့ သွားနိုင်လို့ ဝမ်းသာပျော်ရွှင်မိပါတယ်” ဟု ပြောပြသည်။

 

“တာချီလိတ်ဘက်က ကုန်စည်တွေ မိုင်းယောင်း-မိုင်းယုဘက်ကို လွယ်လွယ်ကူကူ စီးဆင်း လာတော့မှာမို့ စားသုံးသူတွေအတွက် အရမ်းကို ကောင်းသွားပြီ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် အရေးပေါ်အခြေအနေမှာ အသက်ဆုံးရှုံးရမှုများကိုလည်း အခု မိုင်းဖြတ်-မိုင်းယောင်း ကတ္တရာလမ်းပြီးစီး သွားတဲ့အတွက် ကာကွယ်လိုက်ပြီ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တာချီလိတ်မြို့နှင့် မိုင်းယောင်းမြို့မှ ခရီးသွားပြည်သူများမှာ မော်တော်ယာဉ်လိုင်းကားများ တိုက်ရိုက်ပြေးဆွဲနေပြီဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ အဆင်ပြေလျက်ရှိပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ  ဆောင်ရွက်နိုင်တော့ မည်ကြောင်း မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

 

MDN