မိုင်းယောင်း ဖေဖေါ်ဝါရီ ၁၉

MSMEs လုပ်ငန်းများသည် အလတ်စား၊ အသေးစားမှ အကြီးစားစက်မှုလက်မှုလုပ်ငန်းအထိ ဒေသအတွင်းတွင် တိုးတက်အကောင်အထည်ဖော်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းစေရေးတို့အတွက် ရည်ရွယ်ပြီး မိုင်းယောင်းမြို့ သမဝါယမအသင်းလီမိတက် တော်ဝင်မိုင်းယောင်းဆန်စက်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဖေဖေါ်ဝါရီ ၁၈ ရက် ညနေ ၄ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆန်စက်လုပ်ငန်းရှင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းယောင်းမြို့ ဝမ်ဘိုးအုပ်စု၊ ဝမ်ဘိုးကျေးရွာတွင် တောင်သူ ဦးစိုင်းသီဟ စိုက်ပျိုးထားသော ဆီထွက်သီးနှံ နေကြာစိုက်ခင်းအား သွားရောက်ကြည့်ရှုပြီး တောင်သူများအား နေကြာမျိုးစေ့နှင့် ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အဖွဲ့သည် မိုင်းယောင်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံရာ မိုင်းယောင်းမြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး) ဦးထွန်းထွန်းနိုင်မှ ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသခံရပ်မိရပ်ဖနှင့် တိုင်းရင်းသားပြည်သူများမှ ဒေသဆိုင်ရာလိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြချက်များအပေါ် ကြိုးစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်စကား ပြောကြားသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းယောင်းမြို့တွင် တာဝန်ထမ်းဆောင်နေသော ခရိုင်/မြို့နယ် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ဥက္ကဋ္ဌတို့မှ လက်ခံရယူသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းယောင်းမြို့ရှိ ဟိုခုံကျောင်းတိုက်ရှိ ထိုင်တော်မူမြတ်စွာဘုရားအား ဖူးမြော်ကြည်ညို၍ ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းပေးကြပြီး မိုင်းယောင်းမြို့ တပ်ဦးဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇဘဒ္ဒန္တဘဒ္ဒိယအား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၈ နာရီက မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား အာဟာရပြည့် စားစရာများ ထောက်ပံ့ပေးအပ်ကြပြီး မိုင်းယောင်းပြည်သူ့ဆေးရုံအတွက် ဘက်စုံဖွံ့ဖြိုးရေးတွင် အသုံးပြုနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာဆေးရုံအုပ်ကြီးမှ လက်ခံရယူကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)