မိုင်းယောင်း အောက်တိုဘာ ၁၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက် ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာကုသထိန်းချုပ်နိုင်ရန် ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများအရောက် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့်၊ အိမ်တွင် အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ (သို့မဟုတ်) ဆီးချို၊ သွေးချို၊ နှလုံး စသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို တပ်ဆင်ထား စေပါ၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေစေပါ၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊ လက်ကို စနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် ခြောက်ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူပါ စသည့် အချက်များကို လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့သည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း