မိုင်းယောင်း ဇူလိုင် ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းအား မိုင်းယောင်းနှင့် မိုင်းယုမြို့မှ အလှူရှင်များက အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဇူလိုင် ၂၄ ရက်က လှူဒါန်းကြောင်း သိရသည်။

 

ကြက်ခြေနီအသင်းအတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို မိုင်းယောင်းမြို့ အမှတ်(၈)ရပ်ကွက်မှ စိုင်းဇေယံလွမ်းမိုးက အလှူငွေကျပ် တစ်သိန်း၊ ဝမ်လွတ်ကျေးရွာမှ အလှူရှင်တစ်ဦးက ထိုင်းဘတ်ငွေ ၂၂၀၀ ဘတ်နှင့် တရုတ်ယွမ်ငွေ ယွမ် ၁၀၀၊ မိုင်းယုမြို့မှ အောင်ရိုးရာ အထည်ဆိုင်၊ တိုင်းလိကုန်စုံဆိုင်၊ မိုးမခအထည်ဆိုင်၊ Sky Mobile နှင့် စိုင်းဒုန်းကျောက်တို့မှ အလှူငွေကျပ် တစ်သိန်းနှင့် တစ်ထုပ်လျှင် အခု ၁၀ ပါသော ပါးစပ်နှင့် နှာခေါင်းစည်း စုစုပေါင်း အထုပ် ၂၀ အား လာရောက်လှူဒါန်းခဲ့ကြရာ ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဦးမင်းမင်းလတ်က လက်ခံရယူခဲ့သည်။

 

ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် အရေးပေါ်သွေးလိုအပ်နေသူများ အတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း