မိုင်းယောင်း  ၁၇  အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် အကျုံးဝင်သူစာရင်းများ ကောက်ယူနိုင်ရေး အတွက် ODK Collect (Mobile Application)ဖြင့် စာရင်းရေးသွင်းနည်း သင်တန်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

 

mdn

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အမှာစကား ပြောကြားပြီး၊ မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းကိန်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းကိန်ခိုင်နှင့် လူမှုဝန်ထမ်း(၄) ဒေါ်နန်းစံရှဲန်နွဲ့တို့က ငွေကြေးထောက်ပံ့ပေးခြင်း အစီအစဉ် တွင် ပါဝင်မည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ ကျန်ရှိမှုမရှိစေရေး ODK Collect (Mobile Application) စနစ်ဖြင့် စနစ်တကျ ကောက်ယူနိုင်ရေးအတွက် ကောက်ယူနည်းများကို သင်ကြားပို့ချပေးခဲ့ကြသည်။

 

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်တန်းချိန်ကို မနက်ပိုင်းနှင့် ညနေပိုင်း အဖွဲ့နှစ်ဖွဲ့ဖြင့် ဖွင့်လှစ်ပို့ချပြီး မိုင်းယောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းမှ ရပ်/ကျေးစာရေး ၂၂ ဦး တက်ရောက်ခဲ့ကြသည်။

 

မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက်  ODK Collect (Mobile Application) စနစ်ဖြင့် (ဒုတိယအကြိမ်) စာရင်းကောက်ယူရေးသွင်းခြင်းကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရပ်/ကျေးစာရေးများက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မြေပြင်ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ရာ ထပ်တိုးကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များကျန်ရှိမှု မရှိစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းကိန်ခိုင်က ပြောသည်။

 

မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကိုယ်ဝန်ဆောင် မိခင် ၂၇၈ ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်ပေါင်း ၁၂၀ ဦးကို တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းငါးထောင်ကျပ်စီ ထောက်ပံ့ပေးကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

အားချာ(ပြန်/ဆက်)