မိုင်းယောင်း မတ် ၁၃
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီချိန်ထွက်ရှိလာသည့် မျှစ်ခါးများ ပေါ်ဦးပေါ်ဖျားကာလတွင် ဝယ်ယူသူများပြားပြီး အဖွင့်စျေးကောင်းရသဖြင့် မျှစ်ခါးရှာဖွေရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေကာ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
မျှစ်ခါးကို ဟင်းချိုရည်အဖြစ် ချက်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍တို့စရာအဖြစ်လည်းကောင်း၊ အသားများနှင့် ကြော်ချက်၍လည်းကောင်း အမျိုးမျိုး ချက်ပြုတ်စားသုံးကြပြီး တောတောင်လျှိုထဲတွင် သဘာဝအတိုင်း ပေါက်ရောက်နေသော မျှစ်ခါးပင်များမှ မျှစ်ခါးများကို မြေကြီးထဲ ရှာဖွေတူးဖော်ယူရကြောင်း၊ အဆိုပါ မြေကြီးထဲမှ ရှာဖွေတူးယူရသော မျှစ်ခါးကို အချို့က မိုးမခမျှစ်ခါးဟု ခေါ်ဆိုကြကြောင်း၊ ပေါ်ဦးပေါ်ဖျားကာလဖြစ်သည့်အတွက် မျှစ်ခါး တစ်စည်းလျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ ရောင်းချရကြောင်း၊ မိုင်းယောင်းမျှစ်ခါးသည် အရသာကောင်းမွန်သဖြင့် ဒေသတွင်းလူကြိုက်များကာ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ တစ်ဆင့် ဝယ်ယူရောင်းချသူများလည်း ရှိကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)