မိုင်းယောင်း ၁၁ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သန်း ၁ဝဝ အောက် ချေးငွေကို ဖေဖော်ဝါရီ ၁၀ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ထုတ်ချေးပေးခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာ သီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေးအတွက် နည်းလမ်းများစွာဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများ၏ အထွက်နှုန်းတိုးတက်ခြင်း၊ ဈေးနှုန်းနှင့်ဈေးကွက် သေချာခြင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းတို့ဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန် စီမံကိန်းကျေးရွာ၊ အသင်းအဖွဲ့များကို စိစစ်ရွေးချယ်၍ စနစ်တကျ ထုတ်ချေးပေးလျှက်ရှိကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး မိုင်းယောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးလုပ်ငန်း တစ်ခုနှင့် မွေးမြူရေးလုပ်ငန်း နှစ်ခုတို့အတွက် ရင်းနှီးမြှုပ်နှံရန် ချေးငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသင်းအဖွဲ့ အသီးသီးသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း