မိုင်းယောင်း ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အရ တပ်မတော်သား မိသားစုဝင်များအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ဩဂုတ် ၁၈ ရက်က တပ်ရင်းခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု လူဦးရေစာရင်းများ၊ ကလေးမွေးတိုးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ် ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးမှုများအား မိတ္တူထုတ်ပေးမှု ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေး၍ တပ်မတော်သား မိသားစုဝင်များထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ် လဝကရုံးတွင် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ကာလများအတွင်း ပြည်သူများအား ပန်းခင်းစီးမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ် ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးမှုများအား မိတ္တူထုတ်ပေးမှုဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး/ လျော့/ ပြောင်းဝင်/ ပြောင်းထွက် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ရုံးဖွင့်ရက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရုံးလုပ်ငန်းချိန်အတွင်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး ဆောင်ရွက်ပေးသည့် စီမံချက်ဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်း လုံးဝမရရှိသေးသည့် နိုင်ငံသားပြည်သူများကိုလည်း ၎င်းတို့ရောက်ရှိနေထိုင်ရာဒေသ၊ နယ်မြေများတွင်ပင် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးပြီးနောက် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


