မိုင်းယောင်း၊ ၁၆ ဒီဇင်ဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံခဲ့ရသည့် အတည်ပြု လူနာ မိန်းကလေးနှစ်ဦးသည် ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ ကိုဗစ်-19 ယာယီဆေးကုသဆောင်၌ ဆေးဝါးကုသမှုခံယူပြီးနောက် ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲတွင် ဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဆေးရုံဆင်းခွင့်ရသူများအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အားပေးစကားများပြောကြားသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ဆရာဝန် ဒေါက်တာဟန်စိုးက ဆေးရုံဆင်းခွင့်ရသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း နေထိုင်ရေးတို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့်အဖွဲ့က အသင်းပိုင်မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြသည်။
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၄ ရက်မှစ၍ ကိုဗစ်-၁၉ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် အမျိုးသမီးသုံးဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြပြီး ယနေ့အမျိုးသမီးနှစ်ဦး ထပ်မံဆေးရုံဆင်းခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အားချာ(ပြန်/ဆက်)


