မိုင်းယောင်း ၁၉ မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ယာယီပျံကျဈေး၌ မေ ၁၉ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးက ပြောသည်။

 

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းညို၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် တာဝန်ရှိသူများက ယာယီပျံကျဈေး၌ နှာခေါင်းစည်းနှင့် လက်အိတ်များ ဝတ်ဆင်၍ တစ်ဦးနှင့်တစ်ဦး သတ်မှတ်နေရာတွင် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ခြင်း ရှိ/မရှိ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မိုင်းယောင်းမြို့နယ်တွင် ဈေးရောင်း၊ ဈေးဝယ် လာရောက်သူများအား ဈေး၏ အဝင်ပေါက်တွင် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းနှင့် လက်အိတ်များ ဝတ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေး၍ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ပြောကြားပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက် ခွင့်ပြုကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးက ပြောသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)