မိုင်းယောင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးနေရာများအား ကွင်းဆင်းစစ်ဆေး 

မိုင်းယောင်း ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည် ဇူလိုင် ၁၉ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့နယ် အတွင်း ပျက်စီးသွားသော နေရာများအား တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၁ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး သိန်းဇော်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ညွှန့်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်း၊ ဆည်မြောင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်ရီထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသော တာကြန့်ကျေးရွာအုပ်စု နမ့်ကုတ်ကျေးရွာတံတား၊ ဝမ်တပ်ကျေးရွာအုပ်စု ဝမ်ဘန်းကျေးရွာ ရွာအဝင်တံတားနှင့် ဝမ်မိုင်ကျေးရွာရှိ ရေချောင်းနံဘေး နေအိမ်များ၏ ရေတိုက်စားနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည် ဝမ်မိုင်မိုင်းလုံးကျေးရွာအနီးရှိ ရေဘေးသင့်ပြည်သူများအား ဆန်အိတ်၊ စားသုံးဆီနှင့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း