မိုင်းယောင်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

မိုင်းယောင်း ဇွန်

 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ကာကွယ်ဆေး မထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် လာရောက်သူ၏ မိဘ/အုပ်ထိန်းသူက ဖြည့်စွက်ပေးပြီးမှ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း