မိုင်းယောင်း ၂၅ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပြုလုပ်ရန်လျာထားသည့် သတ်မှတ်နေရာများသို့ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးနိုင်ရန် မဲရုံပြုလုပ်မည့် လျာထားနေရာများသို့ သွားရောက်ပြီး မဲရုံအား လေဝင်/ထွက်ကောင်းမွန်ပြီး နေရာအကျယ်အဝန်း၊ လူဦးရေထူထပ်မှု မရှိစေရန် မဲရုံ အဝင်/ထွက်လမ်း၊ မဲရုံပြင်ပနှင့် မဲရုံအတွင်း တစ်ဦးနှင့်တစ်ဦး ကွာခြားရမည့် အကွာအဝေး၊ မဲရုံပရဝုဏ်အတွင်းတွင် မဲဆန္ဒရှင်ပြည်သူများနှင့် အခြားသူများ အသုးပြုနိုင်ရန်အတွက် လက်ဆေးရန်နေရာ၊ အဖုံးပါသော အမှိုက်ပုံးများ၊ မဲရုံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပညာပေးပိုစတာများ ကပ်ထားရန်နေရာ စသည့် မဲရုံအခင်းအကျင်း အနေအထားများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၆၅၄၉ ဦးရှိ၍ မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ ၃၃ ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ ၃၅ ရုံ ဖွင့်လှစ်ရန် လျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းမှိုင်ခမ်းထံမှ သိရသည်။
စိုင်းအောင်ဇော်လင်း


