မိုင်းယောင်း၊ ၄ ဒီဇင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာ၍ အသွားအလာ ကန့်သတ်စောင့်ကြည့်မှုခံယူသူ အမျိုးသမီး သုံးဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ အမျိုးသမီးများသည် ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာ၍ သက်ဆိုင်ရာ Community Based Facility Quarantine Center များတွင် အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူနေလျက်ရှိပြီး ကျန်းမာရေးဌာနမှ ဒီဇင်ဘာ ၄ ရက်က Rapid Diagnosti Test Kits ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခြင်းဖြစ်ကာ ယခုအခါ အဆိုပါ အမျိုးသမီးများသည် ကျန်းမာရေး ကောင်းမွန်နေလျက်ရှိပြီး မိုင်းယောင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့သည့် အတည်ပြု လူနာများဖြစ်သည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပြည်တွင်းရှိ Stay At Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များမှ ပြန်လည်ဝင်ရောက် လာသူများအား မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Community Based Facility Quarantine Center အသီးသီးတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူနေလျက်ရှိပြီး ကျန်းမာရေးဌာနမှ နေ့စဉ် ကျန်းမာရေးစစ်ဆေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


