မိုင်းယောင်း ၂၉ ဇွန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နှင့် အလှမ်းကွာဝေးပြီး သွားလာရေးခက်ခဲသည့် ဟွေပါလောင်းကျေးရွာရှိ တောင်ပေါ်တိုင်းရင်းသားများအား ယမန်နေ့က အမှတ်(၅၇၃)ခြေမြန်တပ်ရင်းမှ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ စာသင်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သက်ကြီးရွယ်အို၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူ ၆၄ ဦးတို့အား သွေးတိုးရောဂါ၊ အထွေထွေအားနည်းရောဂါ တွေ့ရှိသူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို မိုင်းဖြတ်မြို့ရှိ ကုတင် ၁၀ဝ ဆံ့ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် ကျောင်းသား ကျောင်းသူကလေးငယ်များအား အားတိုးဆေးများ တိုက်ကျွေးပြီး ရပ်မိရပ်ဖများထံသို့ ခေါက်ဆွဲ၊ ကြက်ဥ စသည့် အာဟာရအစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် စာသင်ကျောင်းနှင့် ဘုရားကျောင်းပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြတ်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း