မိုင်းယောင်း နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး နွေစပါးစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ မြေဆီလွှာအဟာရဓာတ် တိုးတက် လာစေရန်အတွက် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းကို ယမန်နေ့က ဝမ်ဘိုးကျေးရွာ၌ လက်တွေ့ ပြုလုပ်ပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ တက်ရောက်ကြည့်ရှုအားပေးသည်။
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက သဘာဝမြေဆွေးမြေဩဇာပြုလုပ်ရန်အတွက် သီးနှံအကြွင်းအကျန်များဖြစ်သော ကောက်ရိုး၊ စပါးခွံ၊ နှမ်းရိုး၊ နေကြာပွင့်ဖတ်၊ ပြောင်းဖူးဖတ်၊ ပြောင်းဖူးအူတိုင်၊ ပဲရိုး၊ ပဲခွံ၊ ပေါင်းမြက်အမှိုက်များနှင့် ပုလဲဓာတ်မြေဩဇာ၊ နုန်းမြေ၊ နွားချေး၊ တင်လဲရည်(သို့မဟုတ်)ကုက္ကိုသီး၊ ထရိုင်ဂိုဒါးမား၊ ဖွဲနုတို့ လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြေဆွေးပုံအလွှာ ရရှိရန် သီးနှံပင်အကြွင်းအကျန်များကို ညီညာစွာဖြန့်၍ရေဖျန်းခြင်း၊ ခြေထောက်ဖြင့်နင်းခြင်း၊ ပုလဲမြေဩဇာ၊ နွားချေးတို့ကို ညီညာစွာဖြန့်ခြင်း၊ နွားချေးအပေါ်၌ ထရိုင်ဂိုဒါးမားနှင့် ဖွဲနုကိုရောကာ အပေါ်မှညီညာစွာ ထပ်မံဖြူးခြင်း၊ ယင်းအပေါ်မှ နုန်းမြေကို မျက်နှာပြင်တစ်ခုလုံး လုံအောင်ဖုံးခြင်း၊ နုန်းမြေအပေါ်မှ တင်လဲရည်ကို ဖြန့်ပေးခြင်း၊ မြန်မြန်ဆွေးမြေ့စေရန်နှင့် အစိုဓာတ်ထိန်းပေးရန်အတွက် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပေးခြင်း စသော မြေဆွေးပုံပြုလုပ်နည်းကို လက်တွေ့ပြုလုပ်ပြသခဲ့သည်။
အဆိုပါမြေဆွေးပုံကို ၄၅ ရက်အကြာတွင် အထက်အောက်သမအောင် ရောမွှေ၍ စနစ်တကျ ပြန်လည်ပုံပေးရကြောင်း၊ အစိုဓာတ်ရရှိရန် ရေကို လုံလောက်စွာ ဖျန်းပေးပြီးနောက် နောက်ထပ် ၄၅ ရက်အကြာတွင် အလွယ်တကူ အသုံးပြုနိုင်သော မြေဆွေးရရှိပြီဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


