မိုင်းယောင်း  ၆  ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက အ.မ.က(၂)ကျောင်းနှင့် အ.မ.က(၇) ကျောင်းတို့၌ ကျင်းပခဲ့သည်။

 

ဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်း၊ စာကြည့်ထောက်လက်ထောက်(၃) ဒေါ်နန်းပန်နှင့် ရုပ်သံကျွမ်းကျင်(၃) ဦးအားချာတို့က မြန်မာ့သမိုင်း၌ အထင်ရှားဆုံး၊ အထူးမြတ်ဆုံးနှင့် အထင်ကရနေ့ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းနောက်ခံအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အကြောင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များနှင့် ကိုရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအကြာင်းတို့ကို ဟောပြောခဲ့ကြသည်။

 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်နန်းစီဖေါင်းက “စည်းလုံးခြင်းသည်အင်အား” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားရိုးရာ ပုံပြောပြခြင်းနှင့် စာဖတ်ရှိန်မြင့်မားရေး စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့သည်။

 

မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားတို့၏ ပင်လုံညီလာခံပေါ်ပေါက်ရေး ကြိုးပမ်းမှုများကို နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြဘုတ်များ ပြင်ဆင်ပြသပေးရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)