မိုင်းယောင်း ၁၄ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း) Community Based Facility Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုကာလ ၁၄ ရက်ပြည့်အောင် နေထိုင်ပြီးသူနှစ်ဦးသည် Swab နာမူနာ ဆေးစစ်ချက်များအရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့ညနေပိုင်းက အိမ်ပြန်နေထိုင်ခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီး ဦးသိန်းစိုးနှင့် ကော်မတီအဖွဲ့ဝင် ဦးဝင်းနိုင်ဦး၊ ကျန်းမာရေးဆရာမ ဒေါ်နန်းလောင်ခမ်းနှင့် ဌာနဆိုင်ရာများပါဝင်၍ အိမ်ပြန်ခွင့်ရသူ တစ်ဦးချင်းအား ကျန်းမာကြောင်း ထောက်ခံစာကို ပေးအပ်ခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း နေထိုင်၊ သွားလာရေးအတွက် မှာကြားခဲ့ပြီး သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အပ်နှံပေးခဲ့ကြသည်။
အိမ်ပြန်ခွင့်ရသူများသည် ၎င်းတို့၏ နေအိမ်တွင် Home Quarantine ခုနစ်ရက် ဆက်လက် နေထိုင်ကြရမည်ဖြစ်သည်။
မိုင်းယောင်းမြို့နယ်သို့ ပြည်ပပြန်များ၊ ပြည်တွင်းမှ ရောဂါပိုးတွေ့ရှိထားသည့် မြို့များမှ ပြန်လာသူများနှင့် ဖြတ်သန်းလာသူများအားလုံးကို အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း) Community Based Facility Quarantine Center တွင် အသွားအလာကန့်သတ်ကာလ စောင့်ကြပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိပါက အိမ်ပြန်နေထိုင်ခွင့်ပြုကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အားချာ(ပြန်/ဆက်)


