မိုင်းယောင်း ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုအခါ တောင်သူအချို့က နံနံပင်များ စိုက်ပျိုး၍ ခူးဆွတ်ရောင်းချကာ မိသားစုဝင်ငွေ တိုးပွားရရှိနေကြောင်း သိရသည်။
“နံနံ တစ်စည်းလျှင် ကျပ် ၂၀၀၊ သုံးစည်းလျှင် ကျပ် ၅၀၀ နဲ့ ရောင်းရပါတယ်။ ရှမ်းနံနံရယ်၊ ထိုင်းနံနံရယ် နှစ်မျိုးရှိပါတယ်၊ ရောင်းဈေးကတော့ အတူတူဘဲဖြစ်ပါတယ်။ မိမိနေအိမ်ခြံဝင်းအတွင်းမှာဘဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပါတယ်။ မီးဖိုချောင် အသုံးစရိတ်ကို ကာမိအောင်လို့ပါ”ဟု နံနံပင် စိုက်ပျိုးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
မိုင်းယောင်းတွင် ဥယျာဉ်ခြံလုပ်ငန်း၊ ပန်းမျိုးစုံစိုက်ပျိုးခြင်းနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်း လုပ်ငန်းများကို ရာသီအလိုက် လုပ်ကိုင်လျက်ရှိပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ် နံနံပင်များကို စိုက်ခင်းအတွင်း စိုက်ပျိုးထားကြပြီး ခူးဆွတ်ရောင်းချချိန်တွင် မိသားစုဝင်ငွေကို အထောက်အပံ့ ရလျက်ရှိကြောင်း သိရသည်။
နံနံပင်များကို စိုက်ပျိုးရာတွင် ပေါင်ဖော်၍ စိုက်ပျိုးနိုင်ကြောင်း၊ နေ့စဉ် ရေချိုရေအေးအေးနှင့် တစ်နေ့လျှင် နံနက်တစ်ကြိမ် ညနေတစ်ကြိမ် မှန်မှန်လောင်းရကြောင်း၊ ယခုအခါ တောင်သူများမှာ ၁၂ ရာသီ ကာလ ပတ်လုံး စိုက်ပျိုးလာကြကြောင်း၊ စိုက်ပြီး နှစ်လခွဲခန့်တွင် နံနံများကို ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ တချို့ အောင်မြင်ဖြစ်ထွန်းသည့် စိုက်ခင်းများတွင် နေ့စဉ် ခူးဆွတ်ရောင်းချကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


