မိုင်းယောင်း ၂၂ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် ထောက်ပံ့ငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မေ ၂၂ ရက် နံနက်ပိုင်းက အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မိုင်းယုမြို့ “Sky Mobile” မိသားစုမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေကျပ် ၂၅၀ဝ၀ နှင့် တစ်ဘူးလျှင် ၅၀ ခုပါ နှာခေါင်းစည်း ၁၀ ဘူး၊ လက်သန့်ဆေးရည် ၂၈ ဘူးတို့ကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့အား လှူဒါန်းခဲ့သည်။
ထောက်ပံ့ငွေများ၊ ကျန်းမာရေးသုံးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများဖြစ်သော ပိုးသတ်ဆေးဖျန်းစက်၊ တစ်ကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများ၊ လက်ကမ်းစာစောင်များ၊ လက်သန့်ဆေးရည်၊ အရက်ပျံ၊ လက်အိတ်၊ လက်ဆေးဆပ်ပြာ၊ အပူချိန်တိုင်းကိရိယာများကို အလှူရှင်များက ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


