မိုင်းယောင်း ၁၅ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွား သည့် စာသင်ကျောင်းကို တာဝန်ရှိသူများ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်မှာ မေ ၁၃ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မုန်းလိုက်ကျေးရွာ အုပ်စုအတွင်းရှိ ကော့ခွယ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၏ အမိုးနှင့် ဒိုင်းမျှားတွဲလျက် သွပ်အမိုးပြား အချပ် ၄၀ ပြုတ်ထွက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေဘေးသင့်စာသင်ကျောင်းသို့ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မိုးသက်လေပြင်းကြောင့် ကျောင်းဝင်းအတွင်းရှိ ပေ ၂၀ ပတ်လည်အကျယ် အုတ်ကြွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း တစ်ထပ်တဲအိမ်(အဆောက်အဦဟောင်း) တစ်လုံး၊ ကလေးကစားကွင်းရှိ ချောစင်တစ်ခု၊ ကွန်ကရစ်တိုင်၊ ကျောင်းအဝင်ဆိုင်းဘုတ်တို့ပါ ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


