မိုင်းယောင်း ၁၄ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ယမ်းခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက နယ်စပ်ဖြတ်ကေျာ် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးနှင့် ဒေသအတွင်း မီးခိုးမြူငွေ့ဖုံးလွှမ်းမှု ကာကွယ် ရေးကို ဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုး၊ မြို့နယ်တောအုပ် ဦးဝင်းအောင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်လွင်၊ ဒုမီးသတ်ဦးစီးမှူး ဦးတင်စိုးခိုင်တို့က တောမီးမရှို့ရေး၊ ခေတ်မီတောင်စောင်း စိုက်ပျိုးရေးအကြောင်းနှင့် ဒေသအတွင်း မီးလောင်ကျွမ်းမှု ကာကွယ်ရေးတို့ကို ကဏ္ဍအလိုက် ဆွေးနွေးဟောပြောခဲ့ပြီး၊ ကျေးလက်ကျန်းမာရေး ဆရာမ ဒေါ်နန်းဘွန်းမားက သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များက မီးခိုးမြူငွေ့ ညစ်ညမ်းမှု ရှူရှိုက်မိခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဆိုးကျိုးများအကြောင်းနှင့် ကိုဗစ် 19(COVID-19) ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်းကို ဟောင်ကြန့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်ရေး၊ တံတားနှင့် စိမ့်စမ်းရေ လုံလောက်စွာရရှိရေးတို့နှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်သူများအတွက် အကျိုးရှိစေမည့် စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)