မိုင်းယောင်း ၁၀ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ကျေးလက်နေပြည်သူများအား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှာ့ချရေး၊တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ယမ်းမွန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

8520741

 

ရှေးဦးစွာ မြို့နယ်အဆင့် တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများအား ကာကွယ်ထိန်းချုပ်ရေး ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေး တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထွန်းနေလှိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းအောင်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့တို့က မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် ဟောပြောခဲ့ကြရာ ဒေသနေတိုင်းရင်းသား ပြည်သူများ နားလည် သဘောပေါက်စေရေးအတွက် ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေက ရှမ်းဘာသာဖြင့် ဘာသာပြန်ပေးခဲ့သည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်ခြင်း၊ သစ်တော ပြုန်းတီးမှုကြောင့် မြေဆီလွှာများ လွယ်လင့်တကူ တိုက်စားပျက်စီးဆုံးရှုံးမှုအား လက်တွေ့ သရုပ်ပြခဲ့သည်။

 

ယင်းနောက် ဟိုရမ်းကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးဆရာမက ညစ်ညမ်းသော မီးခိုးမြူငွေ့များ ရှူရှိုက်မိပါက ဖြစ်စေတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကို ဟောပြောခဲ့သည်။

 

အဆိုပါ ဟောပြောပွဲသို့ ဝမ်ဘိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြကာ သိရှိလိုသည့် မေးမြန်းချက်များကိုလည်း တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)