မိုင်းယောင်း ၇ သြဂုတ်
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရာသီစာကြောင်လျှာသီးများ ထွက်ပေါ်နေလျက်ရှိရာ ရောင်းအားကောင်း၍ စျေးကောင်းရရှိပြီး ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
ကြောင်လျှာပင်များကို ဥယျာဉ်ခြံမြေနှင့် အိမ်ဝိုင်းမြေများရှိ စည်းရိုးများတွင် ရာသီစာသီးနှံပင်များအဖြစ် စိုက်ပျိုးထားကြပြီး သုံးနှစ်ကျော်တွင် အပွင့်ပွင့်၍ အသီးများကို ဆွတ်ခူးရောင်းချစားသောက်နိုင်သည်။
အရသာခါးသက်သက် ပူရှိန်းရှိန်းရှိသော ကြောင်လျှာသီးကို မီးဖြင့် အုံးစားစား၊ ပြုတ်ပြီး တို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ်စားစား၊ ဆီချက်ပဲမှုန့်တို့နှင့် သုပ်စားစား စားရသူများကို ခံတွင်းတွေ့စေသဖြင့် ကြောင်လျှာသီး တစ်တောင့်ကို ကျပ် ၁၀၀၀၊ နှစ်တောင့်ကို ကျပ် ၁၅၀၀ ရောင်းရကာ ယခုအခါ မှာယူသူ များပြားလျက်ရှိပြီး ကြောင်လျှာသီးစိုက်တောင်သူများ၊ ရောင်းချသူများသည် စီးပွားရေးအဆင်ပြေ လျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသော အရသာရှိ၍ ပူ၏၊ စပ်၏၊ ကြေလွယ်၏၊ နှုတ်ကိုမြိန်စေ၏။ နှလုံး၊ လည်ပင်းကို အကျိုးပြု၏။ ဝမ်းမီးကို တောက်စေသည်။ လေ၊ သလိပ်ကို နိုင်သည်။ မြင်းသရိုက်၊ ဝမ်းသက်၊ အဖျား၊ အစာမကြေ၊ နူနာ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားကို တိုးပွားစေကြောင်း တိုင်းရင်းဆေးကုဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)
