မိုင်းယောင်း  ၂၉  အောက်တိုဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု အခြေအနေများ၊ ယာယီမဲရုံ ဆောက်လုပ်ထားရှိမှု အခြေအနေများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအတွင်းမှ မဲရုံပေါင်း ၆၈ ရုံ တည်ရှိရာနေရာများအား  ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဘက်ဆိုင်ရာများ၊ အထူးရဲများနှင့် ပေါင်းစပ်၍ မဲရုံလုံခြုံရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းနှင့် မိုင်းယုမြို့မှ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂)အတွက် မဲရုံပေါင်း ၆၈ ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး မြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း ၂၇၀၀၀ ဦး ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲက ော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အားချာ(ပြန်/ဆက်)