မိုင်းယု၊  ၁၁  ဒီဇင်ဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယုမြို့ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာရှိ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် စိုက်ခင်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းစနစ် မှန်ကန်စေရေးအတွက် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကွင်းဆင်းအသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံတောင်သူများအား ရာသီဥတုနှင့်ကိုက်ညီသည့် ဆောင်းသီးနှံမျိုးစေ့များကို အခမဲ့ ဖြန့်ဝေပေးခြင်း၊ ပိုးမွှားရောဂါ မကျရောက်အောင် ကာကွယ်နည်း၊ အပင်အားကောင်းစေရန် သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာ ပေါင်းစပ်ကြဲပက်နည်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နည်း၊ စိုက်ပျိုးသီးနှံဈေးကွက် အခြေအနေများ၊ မြေဆွေးပြုလုပ်နည်းတွေကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

 

မိုင်းယုဒေသတွင် မုန်ညင်း၊ ရွှေပဲရွက်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုံလာ၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ရုံးပတီ၊ ဖရုံ၊ ဘူး၊ သခွားနှင့် ဗိုလ်စားပဲ စသည့် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး မိရိုးဖလာစိုက်ပျိုးရာမှ ခေတ်မီစိုက်ပျိုးစနစ်များကို အသုံးပြု၍ စိုက်ပျိုးလာကြရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)

 

mdn