မိုင်းယုဒေသ၌ ဆောင်းသီးနှံ ရွှေဖရုံများစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မိုင်းယု  ၂၇  နိုဝင်ဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ စိုက်ပျိုးလျက်ရှိသည့် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲအမျိုးမျိုးတို့အနက်မှ ယခုနှစ် ဆောင်းသီးနှံတွင်  ရွှေဖရုံများ ဧကများစွာစိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

 

a1

 

ရွှေဖရုံသည် မြေဆီသြဇာထက်သန်သောမြေကို ကြိုက်နှစ်သက်ပြီး ရွှေဖရုံကို နုန်းဆန်သော မြေဆီ မြေနီသဲဝန်း၊ နုန်းစနယ်မြေများရှိသည့် ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုရှိသည့် စိုက်ပျိုးမြေနေရာများတွင် အများဆုံး စိုက်ပျိုးထားသည့်ကို တွေ့ရှိရသည်။

ရွှေဖရုံပင်၏သက်တမ်းမှာ ရက် ၁၀ဝ မှ ၁၂၀ အထိရှိသောကြောင့် သက်တမ်း(၄)လအတွင်း ဆီးနှင်းကင်းသော အရပ်ဒေသတွင် စိုက်ပျိုးရန်ပိုကောင်းပြီး နွားချေးမြေသြဇာတစ်ဧကလျှင် တန်(၂၀)မှ တန်(၃၀)အထိ ထည့်ပေးရန်လိုအပ်ကာ ကျန်ယူရီးယားဓာတ်မြေသြဇာကို ရွှေဖရုံပင်များ ပန်းစပွင့်ချိန်တွင် ရွှေဖရုံခင်းအတွင်း ပက်ကြဲပေးရသည်။ 

ရွှေဖရုံကို မိုင်းယုဒေသတွင် မိုးဦးဖြစ်သည့် မေလနှင့် ဇွန်လတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းရာသီတွင် အောက်တိုဘာနှင့် နိုဝင်ဘာလတွင်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ ရွှေဖရုံများကိုသာ တောင်သူများ အဓိကထား စိုက်ပျိုးထားကြောင်း သိရသည်။

ရွှေဖရုံကို စိုက်ပြီး အပင်သက် ၁၀ဝ မှ ၁၂၀ ရက်ကြာလျှင် ဖရုံသီးများရင့်မှည့်၍ စတင်ခူးနိုင်ကာ ရွှေဖရုံသီးများကို ကောင်းစွာရင့်မှည့်မှ ခူးဆွတ်ရန်လိုအပ်ကြောင်း၊ ဖရုံသီးကို အညှာဖြင့်ထားပါက ပိုမိုကြာရှည်စွာထားနိုင်ကြောင်း၊ တစ်ဧက ရွှေဖရုံသီးအလုံးရေ ၁၅၀ဝ မှ ၂၀ဝ၀ အထိ ထွက်ရှိကြောင်းနှင့် ရွှေဖရုံသီး တစ်ကီလိုလျှင် ယခင်နှစ် ဒေသပေါက်ဈေးမှာ ကျပ်(၂၀၀)ပေါက်ဈေးရရှိကြောင်း မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)