မိုင်းယု ဇူလိုင် ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ တာကြန့်ကျေးရွာ အုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတား တစ်စင်းသည် ဇူလိုင် ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေတိုက်စားကာ ပြိုကျမှုပျက်စီးမှုဖြစ်ပွားခဲ့ရကြောင်းသိရသည်။

အဆိုပါ ပြိုကျခဲ့သည့်တံတားမှာ အရှည် ၁၅ ပေ၊ အကျယ် ၂၄ ပေခန့်ရှိသည့် ကွန်ကရစ်တံတားဖြစ်ပြီး မိုင်းယုဘက်ခြမ်းရှိ တံတားအုတ်ခုံတိုင်အား ရေတိုက်စားကာ ပြိုကျရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ တံတားရေတိုက်စားပျက်စီးရာသို့ နယ်မြေခံတပ်မတော်သား များနှင့် မိုင်းယုမြို့လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နိယာ ဦးဟန်ရည်ထွန်းနှင့် အဖွဲ့များတို့မှ ပြည်သူများ အမြန်သွားလာမှုရရှိစေရန်အတွက် ပြန်လည်ပြုပြင်နေလျက်ရှိကြပြီး လတ်တလောတွင် ကားနှင့် ဆိုင်ကယ်တို့ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း သိရသည်။ 

ကိုကိုနိုင်(ပြန်/ဆက်)