မိုင်းယု  ၁၉  ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဌာနဆိုင်ရာများမှ ပူးပေါင်း စီစဉ်ကျင်းပပြုလုပ်သည့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ပြည်သူ့စကားဝိုင်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက မြို့မရပ်ကွက်၊ ဝပ်လုံကြွမ်တောင်းဘုန်းကြီးကျောင်းရှိ ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

           

အဆိုပါ ဆွေနွေးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြား ခဲ့သည်။

 

ယင်းနောက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကျန်းမာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ နယ်မြေခံ ရဲတပ်ဖွဲ့၊  မီးသတ်တပ်ဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ပါဝင်ဆွေးနွေးကြရာ သဘာဝမီး၊ တို့မီး၊ ရှို့မီး၊ ကား/ဆိုင်ကယ် မောင်းနှင်ခြင်းကြောင့် ထွက်ရှိလာသည့် မီးခိုငွေ့နှင့် လမ်းမှထွက်လာသည့် ဖုန်မှုန့်များ ရှူရှိုက်မိပါက ရရှိလာမည့် ကျန်းမာရေးဆိုးကျိုးလက္ခဏာများ၊ အခြားပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်း မီးခိုးမြူငွေ့များ ကျရောက်သည့် အခြေအနေများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနည်လမ်းများ၊ မဆင်မခြင် တောမီးရှို့ခြင်းအတွက် ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးနှင့် သစ်တော သစ်ပင်များ ကာကွယ်ထိန်းချုပ်ရေး၊ ရွှေ့ပြောင်းတောင်ယာခုတ်ခြင်း၊ နှစ်ရှည်သီးပင်များ စိုက်ပျိုးနိုင်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးစသည့် အကြောင်းအရာများကို ကဏ္ဍအလိုက် ဟောပြောဆွေးနွေးကြပြီး မြို့မရပ်ကွက်နေပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

 

ဆွေနွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ပါဝင်ဆွေးနွေးကြသည့် တာဝန်ရှိသူများ၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ၊ ယင်းရပ်ကွက်နေပြည်သူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)