မိုင်းယု ဇူလိုင် ၃၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် မိုင်းယုမြို့ရှိ မြို့မရပ်ကွက်၊ ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာ အုပ်စုတို့ကို ဆက်သွယ်ပေးထားသည့် ဒွန်းနွဲ့ချောင်းကူး သံဘောင်တံတားတစ်စင်း နမ့်ဖွန်ချောင်းရေ တိုက်စားမှုကြောင့် ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းက ပြိုကျပျက်စီးခဲ့သည်။

အဆိုပါတံတားသည် မိုင်းယုမြို့ မြို့မရပ်ကွက်နှင့် ဒွန်နွဲ့ကျေးရွာအကြား နမ့်လွေချောင်းနှင့် နမ့်ဖွန်ချောင်း ဆုံရာနေရာတွင် တည်ရှိပြီး နမ့်ဖွန်ချောင်းပေါ်တွင် တည်ဆောက်ထားသည်။ တံတားအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့ပြီး အရှည် ၆၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေရှိသည့် သံဘောင်တံတားတစ်စင်းဖြစ်ကာ ဇူလိုင်လ တတိယပတ်က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဒွန်းနွဲ့ကျေးရွာ ဘက်ခြမ်းရှိ တံတားချဉ်းကပ်ခုံးအနီး မြေသားများရေတိုက်စားခဲ့ရသဖြင့် ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းတွင် ပြိုကျခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ တံတားမှ မိုင်းယုမြို့ပြည်သူများ၊ ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးအုပ်စုရှိ ကျေးလက် ပြည်သူများ လူမှုစီးပွားရေးလုပ်ငန်းများအတွက် ဖြတ်သန်းသွားလာရသည် တံတားဖြစ်ပြီး ယခုအခါ ချောင်းရေတိုက်စားကာ ပြိုကျခဲ့သည်အတွက် ဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)