မိုင်းယု ၂၁ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယုမြို့ရှိ ကျောင်းသားကျောင်းသူများ အဆုတ်ရောင် (COVID-၁၉) ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုင်းတင့်ဆန်းက ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မိုင်းယုတိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ်က COVID-19 အဆုတ်ရောင်ရောဂါ၏ အဓိပ္ပါယ်များ၊ COVID-၁၉အဆုတ်ရောင် ရောဂါသည် မည်မျှထိ အန္တရာယ်ရှိနိုင်ပုံ၊ ကူးစက်ပြန့်ပွားနိုင်သည့် အခြေအနေနှင့် မိမိကိုယ်ကို ကာကွယ်ရမည့်နည်းလမ်းများ၊ COVID-19 အဆုတ်ရောင်ရောဂါနှင့် လွဲမှားနေသည့် အယူအဆများ၊ နေထိုင်စားသောက်ရမည့်နည်းလမ်းများ အကြောင်းကိုလည်းကောင်း လက်ထောက်တိုက်နယ် ဆရာဝန် ဒေါက်တာ စုစုလှိုင်က နှာခေါင်းစည်း (Mask) တပ်ဆင်အသုံးပြုနည်းနှင့် လက်ဆေးနည်းများအကြောင်းတို့ကို လည်းကောင်း အသီးသီး ရှင်းလင်းဟောပြောကြသည်။
ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဆရာဝန်တို့က အဆုတ်ရောင်(COVID-19)ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာရမည့် နည်းလမ်းများစသည့် မေးခွန်းများ အပြန်အလှန်မေးမြန်းကြရာ ဖြေဆိုနိုင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများတို့အား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


