မိုင်းယု နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဆောင်းသီးနှံ အစေ့ထုတ်ပြောင်းများကို စက်တင်ဘာလက စတင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အစေ့ထုတ်ပြောင်းကို မိုင်းယုဒေသတွင် မိုးရာသီနှင့် ဆောင်းရာသီဟူ၍ တစ်နှစ်လျှင် နှစ်ရာသီသာ စိုက်ပျိုးလျက်ရှိပြီး ဆောင်းရာသီ၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုမှာ မိုးရာသီထက် ထက်ဝက်ခန့် လျော့နည်းလျက်ရှိပြီး စိုက်ပျိုးကြသည့် မျိုးများမှာ Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများဖြစ်ကြသည်။
၎င်းမျိုးများမှာ ဖူးတံရှည်ကာ အဖူးထွက်လုံသည့်အတွက် မိုးကာလတွင်စိုက်ပျိုးပါက မိုးဒဏ်ခံနိုင်ပြီး အထွက်နှုန်းပိုမိုကောင်းမွန်၍ မိုးရာသီကိုသာ အဓိကအားထား စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယခုနှစ် မိုးအစေ့ထုတ်ပြောင်း ရောင်းချမှုနှုန်းထားမှာ တစ်ကီလိုလျှင် ငွေကျပ် ၃၅၀ ကျပ် ပေါက်ဈေးရှိကာ ကီလို ၅၀ ပါ တစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀ ကျပ်ရရှိခဲ့ကြောင်း ပြောင်းစိုက်တောင်သူထံမှ သိရသည်။
ကိုကိုနိုင်(မိုင်းယု)


