မိုင်းယု မေ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ရှေ့တန်းရုံး) တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များအား တိကျမှန်ကန်မှုရှိစေရန် e-ID စနစ်ဖြင့် Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်၍ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်မှုကို မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ရှေ့တန်းရုံး)မှ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ကြသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦး၊ ပညာရေးဝန်ထမ်းနှစ်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းမှ တပ်မတော်သား ငါးဦးတို့မှ ကွန်ပျုတာခြောက်လုံးဖြင့် စာရင်းရေးသွင်းခြင်းလုပ်ငန်းများကို ပူးပေါင်းအကောင်ထည်ဖော် ဆောင်ရွက်နေလျက်ရှိကြပြီး ယင်းဆောင်ရွက်မှုတို့အား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်းယုမြို့တွင် နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များရိုက်သွင်းရမည့် ဦးရေမှာ မိမိဒေသတွင် (၂၀၉၅)ဦးနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၈၁၀)စု၊ အထူးဒေသ(၄)၊ နမ့်ပန်းဒေသတွင် (၁၆၇၄၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၇၁၀၆)စုတို့ရှိပြီး မှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းကို သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (ရှေ့တန်းရုံး)မှ သိရသည်။

ကိုကိုနိုင်