မိုင်းယု၊ ၈ ဇန်နဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု ဝမ်တာကြန့်ကျေးရွာနှင့် ဝမ်ပေါ့ကျေးရွာများမှ တောင်သူများသည် တောင်ပေါ်ဒေသ အမြဲစိမ်းတောများတွင် အလေ့ကျပေါက် ရောက်လျက်ရှိသော တံမြက်စည်းပင်ပွင့်ခိုင်များကို မိသားစုတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ခုတ်ယူရောင်းချလျက် ရှိကြောင်း သိရသည်။
တံမြက်စည်းပင်များသည် တောင်ပေါ်ဒေသ အမြဲစိမ်းတောများတွင် အလေ့ကျပေါက်ရောက်ကာ ကြူပင်နှင့်တူပြီး အရွက်ရှည်၍ မြစ်ပွားအပင်မျိုးဖြစ်သည်၊၊ ဆောင်းရာသီ၌သာ တံမြက်စည်းပင် ပွင့်ခိုင်များထွက်လေ့ရှိပြီး အမြင့် ငါးပေမှ ခြောက်ပေအထိရှိသည်။ ယခင်နှစ်က တံမြက်စည်းပွင့်ခိုင်အစို ခုတ်ယူရာတွင် တစ်ရက်လျှင် ကီလို ၄၀ မှ ၅၀ အထိရရှိကြောင်း၊ အရွက်ကို ဒေသခံတိုင်းရင်းသားများက ရိုးရာဓလေ့ကောက်ညှင်းထုပ်ပြုလုပ်ရာတွင် အောက်ခံဖက်အဖြစ် အသုံးပြုကြောင်း သိရသည်။
ခုတ်ယူရရှိသော တံမျက်စည်းပွင့်ခိုင်အစိုများကို ဆယ်ရက်ကျော်ခန့် နေလှန်းကာ အခြောက်အား ဒေသအတွင်းရှိ ကုန်သည်များထံ တစ်ဆင့်ပြန်လည်ရောင်းချပါက ဆယ်ကီလိုတစ်စည်းလျှင် ငွေကျပ် ငါးရာ ရရှိကြောင်း၊ အချို့တောင်သူများမှာ ပွင့်ခိုင်အခြာက်အား ခြွေကာ တံမြက်စည်း အချောပြုလုပ်၍ တစ်ချောင်းလျှင် ကျပ်ငွေ ငါးရာဖြင့် ပြန်လည်ရောင်းချကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တံမြက်စည်းလုပ်ငန်းများအား မိုင်းယောင်းမြို့နယ်ရှိ ဟွေ့ထမ်းကျေးရွာ၊ မိုင်းယုမြို့တွင် ဝမ်တာကြန့် ကျေးရွာ၊ ကော်ဆမ်မိန်းနှင့် ဝမ်ပေါ့ကျေးရွာတို့တွင် အများဆုံးလုပ်ကိုင်လေ့ရှိပြီး အရင်းနှီးမလိုဘဲ ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)


