မိုင်းယု၊ ၁၉ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျနိုင်ရေးတို့အတွက် နှာခေါင်းစည်း(Mask)မတပ်ဘဲ လမ်းသွားလမ်းလာပြည်သူများကို မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ မေ ၁၉ ရက် နံနက်ပိုင်းက ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့်အတူ ကော်မတီအဖွဲ့များက နှာခေါင်းစည်းမတပ်ဘဲ သွားလာကြသည့် ကုန်တင်ယာဉ်နှင့် လိုင်းကားမောင်းနှင်သူများ၊ ဈေးရောင်း၊ ဈေးဝယ်နှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးကာ ပညာပေးကာလအနေဖြင့် အထူးသတိပေးခြင်းများသာ ပြုလုပ်နေလျက်ရှိသည်။
ယင်းနောက် ဒေသတွင်းရှိ ဖွင့်လှစ်ရောင်းချနေကြသည့် စားသောက်ဆိုင်များ၊ ဈေးဆိုင်နှင့် ပျံကျဈေးသည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သတိပေးကာလအတွင်း လိုက်နာဆောင်ရွက်ထားမှုမရှိပါက မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


